Thursday, December 10, 2015

အသံတွေ

အသံတွေ

တစ်စုံတစ်ခုဟာ တစ်စက်တစ်ပေါက်ကနေ
တစ်စုတစ်ဝေးထဲပေါက်လာ ပဲတီပင်ပေါက်ဖောက်
ရောက်လာသလို ၊ အလို ဒီကနေ့လည်း မင်းအသံတွေကျုံးပြီး ယူလာ
ဒါ ကျုံးထဲက မကျုံးရသေးတဲ့အသံတွေ
အသက်မသေပဲ ကျန်နေတဲ့ ဗေဒါတွေရဲ့ အသံတွေ
ဒီအသံ ဟိုအသံ ဒန်အိုးဒန်ခွက်ခေါက်သံ
အိမ်ရိုက်သံ တောင်ဖြိုသံ ဘုရားဝတ်ပြုသံ
မြို့ထဲမှာ ရေတွေလှိမ့်ဝင်လာသံ ၊ လာ ... ဒီမှာချ ... လာ
ငါတို့နည်း ငါတို့ဟန် ငါတို့အသံ
ငန်သလား ချိုသလား အရေးမကြီး
အရက်မူး အရောင်းထိုင်း လေးလံနေတဲ့အသံ
လေးသံ မြှားသံ မျှားနေတဲ့အသံ
အစာကို ခုန်ပျံဟပ်နေတဲ့ ဝေလငါးကြီးရဲ့အသံ
တစ်ဖက်ရေချိုးခန်းထဲ ရေပန်းကရားထဲက ရေတွေကျနေသံ
ဒီနေ့တွေ့ကြမယ် အထပ်ထပ် နှိပ်နေတဲ့အသံ
ကိုယ့်လူ ၊ အောက်သံ အထက်သံ နားရွက်ဖျားကလာတဲ့အသံ
အရေးမကြီး အရေးကြီးတာက ဒီအသံ ဒဏ်ရာ/မှန်ရာရှိသလား
ဒီအသံ ဒီသံပေါက်နေသလား ဒီအသံ
ဒီအနားမှာရှိနေသလား ဒီအသံ ဒီပြန်လာဖို့ နှစ်ပေါင်း ဘယ်လောက်
ပဲ့တင်ပြန်ဖို့ ခုသေလိုက်ရတော့မှာလား
ဒီနှစ်တော့ ဒါ ငါ့အတွက်ပဲ D တွေ ၄,၅ ခုနဲ့
ဒီအဖြစ်တွေကို လွတ်အောင်ခုန်ရမယ်
မင်းတွေ ငါတွေ ကျွန်တော်နဲ့ ကျွန်မ
လွတ်အောင်ခုန်နေတဲ့ အသံတွေ
အသံတစ်သံဟာ အချိန်ရှိနေသ၍ လှိုင်းနဲ့
နံရံတွေရှိနေသ၍ အမြဲပျံသန်း
ကာတ်ကိုဘိန်း ရဲ့ အသံ ရွှေမန်းတင်မောင်ရဲ့အသံ
မာယာကော့ဖစကီးယ် ရဲ့အသံ မောင်ချောနွယ်ရဲ့ အသံ
အက်ဒဝပ်မွန့်ခ်ျ နဲ့ ပေါ်ဦးသက်ရဲ့အသံ
ပေါ်ဦးပေါ်ဖျား စားချင်နေတဲ့အသံ
သဲဖုန်လူးနေတဲ့ ပေါင်မုန့်တစ်ချပ် ကောက်/ရှောင်ဝါးနေတဲ့အသံ
တစ်ကိုယ်လုံးရွှေတွေအိလို့ ဘာထိထိ ငြိနေတဲ့ကောင်
ငါ့သူငယ်ချင်း မောင်ဖုန်း ငယ်ငယ်က စာဆိုရင် လိုက်ဝါးနေတဲ့အသံ
လှေနံ ၂ ဖက် ၊ ငါးရံ့ ၂ ကောင် ၊ တူ ၂ ချောင်းနဲ့ ထိုးထိုးဆွဆွ
လေရော ရေပါ စုပ်သွင်းနေတဲ့အသံ
ဟန်ကျသဗျာ ခံချရတာ မနိပ်ဘူး
ခေါင်းဝင်ထိုး အမြင့်ကြံ ကြံနေတဲ့ အသံ
သမိုင်းကျန် လမ်းကျန်လေးများမရှိတော့ဘူးလား
တစ်ချိန်လုံးတောင်းနေတဲ့အသံ ၊ သူမသေခင် သူ့လက်ကို
ဝယ်ထားချင်တယ်ဆိုတဲ့ အသံ ဗောင်ဗင်ခတ်နေတဲ့ အသံ
အသံဟာ မှန်တယ်ဆိုရင် ဘယ်တော့မှ ခန်းတယ်မရှိ
ညည နားရွက်ကြီးဖြဲကား မောင်းထည့်နေတဲ့အသံ
အသံတွေဟာ တစ်စုံတစ်ရာကို ကိုယ်စားပြု
ကိုယ်စားပြီး ပစ်ချလိုက်တဲ့ အရိုးတစ်ချောင်း လိုက်ဖမ်းနေခိုက်
ရေထဲပြုတ်ကျသွားတဲ့အသံ ၊ အသံဟာ
တစ်စုံ တစ်ရာ နှစ်ရာကို ကိုယ်စားပြု
ဟဲ့ ခွေး"" မောင်းထုတ်နေတဲ့အသံ
အသံဟာ တစ်ခုခုကို
" ဟဲ့သား ... အိပ်တော့လေ " နွေးထွေးသမှုပြု ယုယနေတဲ့အသံ
ဌာန်နဲ့ မာန်နဲ့ အသံဟာ အသံကိုထပ်ပြီးသယ်ဆောင်
သောင်မရှိ သဲမရှိ သစ်မရှိ ဝါးမရှိနေတဲ့အသံ
လတ်တလော မာဆယ်ဒူးရွန့်ရဲ့ အိမ်သာကြွေခွက် ကျကွဲသံ
ငှက်တစ်ကောင် လေခဲပြင်နဲ့ရိုက်ပြီး ထိုးကျလာတဲ့အသံ
လကမ္ဘာပေါ် လမ်းလျှောက်နေတဲ့အသံ မိလ္လာကျင်းထဲ
ပြေးလွှားပြုတ်ကျသွားတဲ့ ဂျူးကလေးငယ် ၂ယောက်ရဲ့
အသက်ခိုးရှူသံ ဘက္ကဒက်က ဘန်ကာနဲ့
လူတွေပွင့်ထွက် ပွက်လောရိုက်နေသံ ၊ အသံတွေ
မကျန်စေနဲ့ ဟိုက ဒီက အကုန်ယူလာ
ဒီမှာ တည့်တည့်ချ မီးပုံဖို ဘာဘီကျူး ... ကျူးဖို့
အသံတွေ သန်မာအောင် သွေးကိုလောင်း ချွေးကိုလောင်း
တစ်ကြောင်းချင်း တစ်ပိုဒ်ချင်း ခင်းသွားအောင်
သီချင်း ကဗျာ ဆေးစက် သွက်သွက်ထည့် ကကြ
အသံတွေ အဆံတွေ အလံတွေ ဝက်ဝက်ကွဲ ၊ ကဲ ထကြ။ ။

ခရမ်းပြာထက်လူ
၂၀၁၀ ခုနှစ်ထုတ် " နံရံမှာ ငါရေးထွင်း " ကဗျာစာအုပ်မှ