Friday, December 11, 2015

သမီးသို့ ( ၅ )

သမီးသို့ ( ၅ )

သမီးကို ဖြစ်စေချင်တာက
ကမ္ဘာကြီးကို အကြာကြီးချစ်စေချင်တာ။
ဒီကိစ္စ 
မိန်းမဆန်မှ။
ဒီကိစ္စ
တံတားခင်းမှ။
ဒီကိစ္စ
ရော့ဒီမှာ
ရသလောက်အဖေ့ကျောပေါ်နင်းလျှောက်။

ပြန်လာရင်
အဖေ့ အသားစိုင်တွေပေါ်
သမီးနုပျိုခြင်းနဲ့ ဉာဏ်ပညာ အလင်းကို
အလံအဖြစ်စိုက်ထူ
လူးနေတဲ့ကမ္ဘာကို ရအောင်ထိန်းပေရော့။ ။

ခရမ်းပြာထက်လူ
၂    ၀    ၁    ၅

သမီးသို့ ( ၄ )

သမီးသို့ ( ၄ )

သမီး စာသွားအံတဲ့မြို့မှာ
အဆာခံသူ အာခံသူ တန်ဆာခံသူတွေနဲ့
လုံးထွေးနေလိမ့်မယ်။
ရပ်
ကြည့်
သွား
ဖြူဖွေးနေသော တံတားတစ်ခုကိုနင်းလျှောက်စဉ်
နီရဲနေသောသွေးများ ကပ်ပါလာတဲ့အခါ မကြောက်ပါနဲ့လေ 
အဲ့ဒါဟာ သမိုင်းတစ်ခု။
ကြည်လင်နေသော ရေကန်တစ်ခုကို ငုံ့အကြည်မှာ
နောက်ကြည့်နေသော အတိတ်ရဲ့အော်သံ ခေါ်သံ ငိုယိုသံများကြားခဲ့ရင် မလန့်ပါနဲ့လေ 
အဲ့ဒါဟာ သမိုင်းတစ်ခု။
ရော်ရွက်ဝါတွေနဲ့ သစ်ရွက်စိမ်းတွေတစ်ပြိုင်တည်းကြွေနေတာတွေ့ရင်လည်း မအံသြပါနဲ့
ဒါဟာ ပစ္စုပ္ပန်ရဲ့ သမိုင်းလိုင်းပူးနေမှုတစ်ခု။
စာသင်ခန်းတွေထက်
စာကြည့်တိုက်တွေက ပိုကျက်သရေရှိတယ်ဆိုတဲ့အဘိဓမ္မာ
ဒီမှာ မမှားသေးဘူးကွဲ့။
ရပ်
ကြည့်
သွားပါသမီး
ရှေး ကဗျာတွေနားထောင်
hip hop တွေလည်းဖတ်
ဂန္ဓဝင်ဂီတတွေပြန်ဖတ်
ခေတ်ပြိုင်ကဗျာတွေလည်းနားထောင်။
ရပ်
ကြည့်
သွားပါသမီး
စာလည်းအံ
ဖြတ်ပျံနေတဲ့ငှက်တွေကိုလည်းကြည့်
ငါကယ်မှရမယ် စိတ်ကြီးဝင်မှု တလွင့်လွင့်နဲ့ 
သင့်ကြောင့် ကမ္ဘာကြီး မီးမလောင်ပါစေနှင့်ပြဌာန်းစာအုပ်များလည်းပိုက်လို့ပေါ့
သေချာမှုက အသေအချာ မီးဖိုဆောင်နန်းကခွါ
လမ်းမပေါ်လမ်းတွေမွေးပစ်လိုက်မယ်ဆိုတဲ့ မိန်းမတစ်ယောက်အဖြစ် 
အချိန်တိုင်း လောကကြီးနဲ့တစစ်စစ် စစ်ဖြစ်နေလိုက်စမ်းပါသမီး။ ။

ခရမ်းပြာထက်လူ
၂    ၀    ၁    ၅


သမီးသို့ ( ၃ )

သမီးသို့ ( ၃ )

ကြည့်စမ်းသမီး
အရိုးအရည် သွေးသံတရွှဲရွှဲနဲ့ မီးတောက်အင်္ကျီတွေဝတ်လို့
ကမ္ဘာကိုလွတ်ချပြီး
ထွက်ပြေးနေရတဲ့ ကလေးတွေ။

ကြည့်စမ်းသမီး
ခြေမွှေးမီးမလောင်း လက်မွှေးမီးမလောင်း
ကမ္ဘာကိုသိမ်းပိုက်တော့မလို
ချောကလက်သံတညံညံနဲ့ ချီတက်နေတဲ့ကလေးတွေ။

သူတို့ကိုစာနာဖို့
ချီလေသူများထဲ
ခု သမီးဘယ်နားရောက်နေပြီလဲ။ ။

ခရမ်းပြာထက်လူ
၂    ၀    ၁    ၅



သမီးသို့ ( ၂ )

သမီးသို့ ( ၂ )

ဘတ်စ်ကားများစီးတဲ့အခါ
အာရုံကိုဖွင့်ထားပြီး ဖုန်းကိုပိတ်ထားပါ။
အဝေးကအသံထက် အနီးအနားကိုနားထောင်
တောရိုင်းပန်းရနံ့တွေပေါ်ဖြတ်ပြေးနေသော ဂျက်လေယာဉ်ပျံများ
သတိထားပါ။
သံဗုဒ္ဓေ 
သတိရပါ။
ကမ္ဘာကြီးနဲ့အနီးတစ်ဝိုက်
ရန်ကုန်ရဲ့လမ်းကျဉ်းလေးများအထိ
အအေးတစ်ခွက် သကြားလုံးတစ်လုံးကအစ အန္တရာယ်
အကြမ်းဖက်သမားဟာ အဲ့ဒီထဲပုန်းနေတယ်။
သူငယ်ချင်းတွေထဲမှာ
မူဆိုလိုနီ ဟစ်တလာ ဖရန်ကို အဲ့ဒီနာမည်များတွေ့က delete လုပ်ပါ
တစ်နေ့ပြီးတစ်နေ့
တစ်လမ်းပြီး တစ်လမ်းပြီးတဲ့အခါ
သမီးရဲ့စိတ်များ အရိပ်ထွက်လာမယ်
သင်တန်းတွေအပြင်ဘက်မှာလည်း
သင်ခန်းစာတွေအများကြီး သိလာမယ်။
လွယ်ပါတယ်ဆိုတာများ
ငှက်ပျောခွံတက်နင်းပြီးချော်လဲတတ်ကြောင်း သိလာမယ်။
ကိုယ့်ကြောင့်
အခန်းတစ်ခန်း လမ်းတစ်လမ်း မြို့တစ်မြို့ မလေးလံစေနဲ့သမီး
ပေါ့ပါးအောင်နေ
လေးလံတဲ့ပင်စည်ရဲ့အခေါင်အဖျားမှာပွင့်နေတဲ့ ပန်းလိုပေါ့။
အိပ်ပျော်ဖို့ဆို
ဒန်းလော့မွေ့ယာများထက်
သင်ဖြူဖျာလေးက မိုမိုက်မယ်
ဘုရားရှိခိုးပြီး
ညအိပ်ယာမဝင်ခင်
ပြတင်းပေါက်ကနေ ဆီးကြည့်
ဒီမြို့ကို ဘယ်သူမှမပိုင်ဘူးဆိုတာနဲ့
တစ်နေကုန်
ဒီမြို့ကိုသမီးသိမ်းပိုက်ခဲ့ကြောင်း ခြေရာတွေပြန်ကောက် တွေ့ရလိမ့်မယ်။ ။

ခရမ်းပြာထက်လူ
၂    ၀    ၁    ၅

သမီးသို့ ( ၁ )

သမီးသို့ ( ၁ )

ဆက်လျှောက်ပါ
ရန်မကုန်တဲ့ ရန်ကုန်လမ်းမတွေပေါ်မှာ
ရှေ့တည့်တည့်ကလာနေတဲ့ မျက်လုံးတွေ ကားတွေ လမ်းမတွေ
အထဲမှာ
စာအုပ်တွေ လက်နက်ပုန်းတွေ လမ်းပြကြယ်တွေ။
သင်ယူပါ
မိတ်ဆွေတစ်ရာဟာနည်းပြီး
ရန်သူတစ်ယောက်ဟာများတယ်ဆိုတဲ့စာတွေဖတ်လို့
ရန်ကုန်ဟာ
အခန်းအကျယ်ကြီးဆိုပေမယ့်
အဆန်းကျယ်ကြီးတော့ မဟုတ်သေးပါ။
စီးပါ ၊ ဘာသာဗေဒ ၃,၄ မျိုးအသံထွက်တဲ့
ဖိနပ် ၄,၅ မျိုးကို စီးတယ် ၊ စီးပါ
အဓိက 
ဘဝကို ဘဝဂ်ညံအောင် ဘဝင်မြင့်ပြီးရင် မြေကြီးမှာပြန်လည်ထွန်ယက်ဖို့ ပြန်လာပါ။
သင်ယူပါ
သစ်ပင်တွေဆီက ( သင် ) ယူပြီးတဲ့နောက်
သစ်ပင်တွေကို ပြန်စောင့်ရှောက်ပါဆိုတဲ့ အဘိဓမ္မာမျိုးနဲ့
ဆက်လျှောက်ပါ။

သင်ယူပါ
အဖေ့အိမ်ရဲ့အပြင်ဘက်မှာ
မေတ္တာတရားကလွဲရင် အားလုံးအသံကျယ်ပါတယ်။ ။

ခရမ်းပြာထက်လူ
၂   ၀   ၁   ၅

အလုပ်ကြမ်းနဲ့ ထောင်တန် ၃ ရွက်

အလုပ်ကြမ်းနဲ့ ထောင်တန် ၃ ရွက်

ဘုရားသခင်နဲ့ ခွေးတစ်ကောင်
အတူတူပါပဲဆိုတဲ့ အကြမ်းဖက်သမားတွေရဲ့ကြားမှာ

ဗလာစီယာနဲ့ အတွင်းခံဘောင်းဘီပြီးရင် ပြီးပါပြီဆိုတဲ့
အဖွင့်ကြမ်း အတက်ကြမ်း 
ယဉ်ကျေးမှု အရင်းကျမ်းကြီးပါပြုတ်ထွက်သွားတဲ့
ယဉ်ကျေးပါတယ်ဆိုတဲ့ လူ့အဖွဲ့စည်းကြီးတစ်ခုရဲ့အန်ဖတ်တွေကြားမှာ

ထောင်မြင်ပေမယ့်
ရာနဲ့ချီစွန့်သွားတဲ့ တော်လှန်ရေးသမားတွေနဲ့
ထောင်မြင်လို့ ရာစွန့်နေတဲ့ ခရိုနီတွေကြားမှာ

ကားတွေကလည်း ကောင်းပါတယ်
လမ်းတွေကလည်း ကောင်းပါတယ်
လူတွေကလည်း ကောင်းပါတယ်

သာမန်ပြည်သူ အူတူတူလေးများမှာတော့
နေ့စဉ်
အလုပ်ကြမ်းနဲ့ ထောင်တန် ၃ ရွက်
မိသားစုအထဲ ဘယ်သူ့အသက်ကို အရင်ကယ်ရမလဲနဲ့ သွေးခဲလို့။ ။

ခရမ်းပြာထက်လူ
၂၀၁၄ ခုနှစ်ထုတ် " ခရမ်းပြာထက်လူ ၉၉ " ကဗျာစာအုပ်မှ

ကြယ်များရဲ့ ရာဇဝင်

ကြယ်များရဲ့ ရာဇဝင်

မာတင်လူသာကင်း ဂျူနီယာမှာ
အိပ်မက်တစ်ခု ရှိခဲ့တယ်
အမေရိကန် အာဖရိကန်တွေ လွတ်မြောက်ဖို့။

ကျွန်တော်တို့ရဲ့ဒီမိုကရက်တစ်ခေါင်းဆောင်တွေမှာလည်း
အိပ်မက်တစ်ခု ရှိလိမ့်မယ်။

( ဒီလိုဆို မှားနေပြီဆိုတဲ့
အောက် ဖေါ်ပြပါ စာသားမျိုး )

 "ငါ့ကို လူတွေ အလွတ်ရစေဖို့ "
" ဒီလမ်းကို ငါ့နာမည်ပေးလိုက်ဖို့ "

ဒီ့အတွက် ကျွန်တော်တို့မှာ
ရှင်ခဲ့ရတဲ့ ဒုက္ခတွေ
သေခဲ့ရတဲ့ နှစ်တွေ
အိတ်စိုက်ပြီး ရှင်းခဲ့ရတဲ့ လမ်းတွေ
ဖဲ့ဖဲ့ပြီး ပေးလိုက်ရတဲ့ မိသားစုတွေ
သွေးစတွေပါလာတဲ့အထိ ညှစ် ညှစ်ချပေးခဲ့ရတဲ့ မိခင်များရဲ့ နို့ရည်တွေ။

မျိုးဆက်တစ်ခုလုံး
မော့မော့ပြီး ကြည့်ခဲ့ရတဲ့ကောင်းကင်မှာ
ခင်ဗျားတို့နာမည်ပေးထားတဲ့ ကြယ်တွေ
နီစွေးတောက်ပ ပွက်ပွက်ဆူနေမှာပေါ့
ကျဆုံးလေပြီးသော
ကျွန်တော်တို့ရဲ့ ညီငယ် ညီမငယ်
အစ်ကို အစ်မတွေရဲ့ သွေးဝိညာဉ်တွေနဲ့ လုပ်ထားခဲ့တာကိုး။ ။

ခရမ်းပြာထက်လူ
၂၀၁၄ ခုနှစ်ထုတ် " ခရမ်းပြာထက်လူ ၉၉ " ကဗျာစာအုပ်မှ