Friday, December 11, 2015

ကြယ်များရဲ့ ရာဇဝင်

ကြယ်များရဲ့ ရာဇဝင်

မာတင်လူသာကင်း ဂျူနီယာမှာ
အိပ်မက်တစ်ခု ရှိခဲ့တယ်
အမေရိကန် အာဖရိကန်တွေ လွတ်မြောက်ဖို့။

ကျွန်တော်တို့ရဲ့ဒီမိုကရက်တစ်ခေါင်းဆောင်တွေမှာလည်း
အိပ်မက်တစ်ခု ရှိလိမ့်မယ်။

( ဒီလိုဆို မှားနေပြီဆိုတဲ့
အောက် ဖေါ်ပြပါ စာသားမျိုး )

 "ငါ့ကို လူတွေ အလွတ်ရစေဖို့ "
" ဒီလမ်းကို ငါ့နာမည်ပေးလိုက်ဖို့ "

ဒီ့အတွက် ကျွန်တော်တို့မှာ
ရှင်ခဲ့ရတဲ့ ဒုက္ခတွေ
သေခဲ့ရတဲ့ နှစ်တွေ
အိတ်စိုက်ပြီး ရှင်းခဲ့ရတဲ့ လမ်းတွေ
ဖဲ့ဖဲ့ပြီး ပေးလိုက်ရတဲ့ မိသားစုတွေ
သွေးစတွေပါလာတဲ့အထိ ညှစ် ညှစ်ချပေးခဲ့ရတဲ့ မိခင်များရဲ့ နို့ရည်တွေ။

မျိုးဆက်တစ်ခုလုံး
မော့မော့ပြီး ကြည့်ခဲ့ရတဲ့ကောင်းကင်မှာ
ခင်ဗျားတို့နာမည်ပေးထားတဲ့ ကြယ်တွေ
နီစွေးတောက်ပ ပွက်ပွက်ဆူနေမှာပေါ့
ကျဆုံးလေပြီးသော
ကျွန်တော်တို့ရဲ့ ညီငယ် ညီမငယ်
အစ်ကို အစ်မတွေရဲ့ သွေးဝိညာဉ်တွေနဲ့ လုပ်ထားခဲ့တာကိုး။ ။

ခရမ်းပြာထက်လူ
၂၀၁၄ ခုနှစ်ထုတ် " ခရမ်းပြာထက်လူ ၉၉ " ကဗျာစာအုပ်မှ

No comments:

Post a Comment