Friday, December 11, 2015

သမီးသို့ ( ၄ )

သမီးသို့ ( ၄ )

သမီး စာသွားအံတဲ့မြို့မှာ
အဆာခံသူ အာခံသူ တန်ဆာခံသူတွေနဲ့
လုံးထွေးနေလိမ့်မယ်။
ရပ်
ကြည့်
သွား
ဖြူဖွေးနေသော တံတားတစ်ခုကိုနင်းလျှောက်စဉ်
နီရဲနေသောသွေးများ ကပ်ပါလာတဲ့အခါ မကြောက်ပါနဲ့လေ 
အဲ့ဒါဟာ သမိုင်းတစ်ခု။
ကြည်လင်နေသော ရေကန်တစ်ခုကို ငုံ့အကြည်မှာ
နောက်ကြည့်နေသော အတိတ်ရဲ့အော်သံ ခေါ်သံ ငိုယိုသံများကြားခဲ့ရင် မလန့်ပါနဲ့လေ 
အဲ့ဒါဟာ သမိုင်းတစ်ခု။
ရော်ရွက်ဝါတွေနဲ့ သစ်ရွက်စိမ်းတွေတစ်ပြိုင်တည်းကြွေနေတာတွေ့ရင်လည်း မအံသြပါနဲ့
ဒါဟာ ပစ္စုပ္ပန်ရဲ့ သမိုင်းလိုင်းပူးနေမှုတစ်ခု။
စာသင်ခန်းတွေထက်
စာကြည့်တိုက်တွေက ပိုကျက်သရေရှိတယ်ဆိုတဲ့အဘိဓမ္မာ
ဒီမှာ မမှားသေးဘူးကွဲ့။
ရပ်
ကြည့်
သွားပါသမီး
ရှေး ကဗျာတွေနားထောင်
hip hop တွေလည်းဖတ်
ဂန္ဓဝင်ဂီတတွေပြန်ဖတ်
ခေတ်ပြိုင်ကဗျာတွေလည်းနားထောင်။
ရပ်
ကြည့်
သွားပါသမီး
စာလည်းအံ
ဖြတ်ပျံနေတဲ့ငှက်တွေကိုလည်းကြည့်
ငါကယ်မှရမယ် စိတ်ကြီးဝင်မှု တလွင့်လွင့်နဲ့ 
သင့်ကြောင့် ကမ္ဘာကြီး မီးမလောင်ပါစေနှင့်ပြဌာန်းစာအုပ်များလည်းပိုက်လို့ပေါ့
သေချာမှုက အသေအချာ မီးဖိုဆောင်နန်းကခွါ
လမ်းမပေါ်လမ်းတွေမွေးပစ်လိုက်မယ်ဆိုတဲ့ မိန်းမတစ်ယောက်အဖြစ် 
အချိန်တိုင်း လောကကြီးနဲ့တစစ်စစ် စစ်ဖြစ်နေလိုက်စမ်းပါသမီး။ ။

ခရမ်းပြာထက်လူ
၂    ၀    ၁    ၅


No comments:

Post a Comment