Saturday, December 12, 2015

လိပ်ပြာကန်

လိပ်ပြာကန်

ဒီမှာ တစ်ညနေကို ၃ ပတ်နဲ့သာ
လှုပ်လှုပ်ပြီး သောက်/လျှောက်လိုက်
မင်း ကားကို ငါကျော်တက်လို့ရပြီ။

သန့်ရှင်းသော အစိုးရနဲ့ ကောင်းမွန်သောအစိုးရထက်
ဒီကန်ကို ငါပိုယုံတယ်။
ငါတို့ခေတ်က
ဘယ်လေထုကိုကြည့်ကြည့်
ဘယ်အစာကိုငေးငေး လွတ်မြောက်ရေးဆိုတာ မရှိ။

တစ်ကိုယ်လုံးပြာကျသွားအောင်
ဦးထုပ်ကိုချွတ်
ခြေအိတ် လက်အိတ်ကိုချွတ်
အစိုးမရတဲ့ အစိုးရဆိုတာကိုချွတ်
ကိုယ်လည်ပင်း ကိုယ်ကြိုးကွင်းစွပ်ထားတဲ့
ကိုယ့်နေမှု ထိုင်မှု စားမှုတွေကို ခဏချွတ်
ရှာသမျှ သဲထဲရေသွန်မဖြစ်အောင်
ဒီနေရာရောက်ရင် ကျွိကနဲ ဘရိတ်အုပ် ဒိန်ချဉ်စုပ်သလို
ဒီကန်ကို
ခန္ဓာ ငါးပါးနဲ့ အမိအရ လှမ်းသာစုပ်လိုက်။

ပါးစပ်သာ ဟထား
သူ့အလိုလိုကျလာလာမယ့် ပေါင်မုန့်တွေ
သူဗိုက်ဝပြီး
ကိုယ်အသက်ရှည်မယ့် ညနေခင်းအောက်က ငါးတွေနဲ့ ရွှင်စရာ။

အနောက်ကိုရောက်တဲ့အခါ
အရှေ့မှာ ရွှေရောင် ရွှေမော်ဓောဘုရားကြီး
အဲ့ဒီညနေများ
အရှေ့ကိုရောက်တဲ့အခါ 
အနောက်မှာ ကန်ပေါ်ကို လိမ္မော်ခင်းကြီးလွင့်ကျလို့။

ကန်ရေပြင်မှာ ကိုယ့်အေးချမ်းမှုဟာ ကွက်ကွက်ကွင်းကွင်း
ဘေးမှာ ဘယ်လောက်ပဲမြန်မြန်မောင်းမောင်း
ကိုယ့်ကိုမမီတော့မယ့် ကားတွေ။
အဆုပ်သာဖွင့်ထား
ဝါးလုံးထိုးစီးဆင်းလာမယ့် လေပြည်လေညှင်းတွေနဲ့ ခင်ဗျားလည်း နင်သွားမယ်။

တစ်ဘဝစာ အကျဉ်းကျမှုအတွက်
တစ်ကိုယ်တော် ဆန္ဒပြဖို့ အကောင်းဆုံးနေရာ။

ကိုင်း ကြည့်စမ်း
ဒီ လေ လောက် လေးလံတဲ့ သယံဇာတ ရှိဦးမလား။

ရပ်ကွက်ထူထူ တိုက်ခန်းကျဉ်းကျဉ်း
စည်းမဲ့ ကမ်းမဲ့ လမ်းပူပူတွေပေါ်က ထွက်လာခဲ့
နိစ္စဓူဝ ပန်းဘဲဖိုထဲမြုပ်နေတဲ့
ကိုယ့်မျက်လုံးတွေ ကိုယ်ပြန်ဆွဲနှုတ်ပြီး
ညနေ ညနေ
ဒီ လိပ်ပြာကန်ထဲ လာပစ်ချလိုက်ကြပေါ့။

ခင်ဗျားတို့ရဲ့အရှုံးတွေ
လကဆွဲတင်လိုက်တဲ့ ပင်လယ်ရေမျက်နှာပြင်လို ကုန်းထလာလိမ့်မယ်။
ခင်ဗျားတို့ရဲ့ သုခလိပ်ပြာတွေ
ဖီးနစ်ငှက်တစ်ကောင်လို ပျံတက်လာလိမ့်မယ်။

တစ်ခုတော့ရှိတယ်
လိပ်ပြာကန်ဆိုတာ 
ညည ခင်ဗျားတို့ "ကာမ" မီး လာနင်းရမယ့်နေရာမဟုတ်ဘူး
မီးပုံထဲက ခုန်ထွက်ရမယ့် နေရာဆိုတာတော့ သိကြ။ ။


ခရမ်းပြာထက်လူ
၂    ၀    ၁     ၎

ခင်ဗျား ဝ လာတယ်

ခင်ဗျား ဝလာတယ်

နည်းနည်း ဝလာတယ် ဝင်ဝင်စွက်ဖက်ရင်း
ဝက်တစ်ကောင်လို ဝေါင်းကနဲဟိန်းတတ်တဲ့ သတ္တဝါတစ်ကောင်လို
ဝါးလုံးခေါင်းထဲ သာနေတဲ့ လလို ဝလာတယ် ဝ လာတယ်
ဝ လာတော့ သုညတွေ ဘေးရှဲ ပလပ်စတစ်တွေ ပါလာတယ်
Ciassic တွေ ဘေးရှဲ ပလာစတာတွေပါလာတယ်
ဝ လာတော့ ပယ်နယ်တီစပေါ့မှာ ကျကျနနတည်တာပေါ့
ပယ်ပယ်နယ်နယ်ကန်သွင်း ဝ လာတယ် ဝင်သွားတယ်
ခြစားသွားပြီ တစ်ကောင်ပြီးတစ်ကောင် ချစားသွားပြီ
ဝဖြိုးလာတဲ့ ဝံကြီး ဝက်ဝံကြီးဟာ ဝဝမဲမဲ ဖြူဖြူတုတ်တုတ်
တစ္ဆေသူရဲ သဘက်ပြိတ္တာလို " ချီးယား " ဆိုကာ ရွှမ်းကနဲ
" OK " ဆိုကာ  ရွှမ်းကနဲ ခွမ်းကနဲ ခွမ်းကနဲ ခေါင်းတွေ တစ်ခေါင်းပြီးတစ်ခေါင်း
ကျကွဲ ၊ ဝံကြီး ဝက်ကြီးဟာ ဝက်ဝက်ကွဲကွဲ အောင်မြင်
တောထဲ တောင်ထဲမှာ ပျားရည်တန်ချိန် တစ်သောင်း နှစ်သောင်း
နယ်မြေဒေသ ရွေ့ပြောင်းရင်း ရှုစား ၊ ဝလာတယ် ဒီတော့
ခေါင်းတွေဟာ လှိုင်းခေါင်းဖြူတွေဟာ တစ်လုံးပြီးတစ်လုံး
ပြေးပြေးစောင့် ကျောက်ဆောင်မှာ ကျောက်မျက်ရတနာတွေရှိတဲ့အတိုင်း
ရိုင်းလာတယ် ၊ ဝ လာတဲ့လှိုင်းများ ကျိုင်းကောင်လို
တစ်အုပ်ပြီးတစ်အုပ် မြို့တွေပေါ် ကိုင်းကျလာတယ်
ခြေတစ်ဖက် လက်တစ်ဖက် ကျောက်ကပ်တစ်ခု ဦးနှောက်တစ်ခြမ်း
ဝါးခြမ်းပြား ထောင်ထားသလို ဒါပဲရှိတယ် ၊ ဒါကိုထုတ်ပြ
ဝ လာတယ် ခုခံလို့မရအောင် ခင်းပြလို့မရအောင်  ညများ နေ့များ
ဝ လာတယ် ဖွဲနု ထမင်းရည် ကန်စွန်းရွက်မစားပဲ ဝ လာတယ်
ဘယ်ဘဝကလည်း ဘယ်နယ်ကလည်း ဘယ်ကိုသွားမှာလည်း
ခင်ဗျားတို့ ကျွန်တော်တို့ ဝ လာတယ် ၊ ချိုင့်တွေ ပလုံးတွေ ဒန်ခွက်တွေဆွဲ
မြောင်းတွေ မြက်တွေ မျက်ရည်တွေနဲ့ ဝ လာတယ်
ခင်ဗျား ဝ လာတယ်
ခေါင်းက ဗို့အား ဘယ်လောက်အရိုးခေါင်း အန္တရာယ်ပေးသတိပေးတံဆိပ်လို
ကိုယ်က မွေးမြူရေးဝက်တစ်ကောင် ဝသလို ဝ လာတယ်
ဝတ်စရာမရှိတော့အောင် ခင်ဗျား ဝလာပေါ့
ဝေါကနဲ အန်ထုတ်စရာမရှိအောင် ရှောင်စရာ ရှိုးစရာမရှိအောင်
ခင်ဗျား ဝလာ ပေါလစ်ရှ်တင်လို့မရအောင် တောင်းပန်လို့မရအောင်
သေရင် အခေါင်းနဲ့ ကားနဲ့မဆန့်အောင် ကားပေါ်မှာ ခင်ဗျားမရှိသယောင်
ခင်ဗျား ဝ လာတယ်၊ ပုရွက်ဆိတ်လိုလို ဆင်လိုလို 
ဆောက်လက်စ အကျဉ်းထောင်လိုလို စိမ်လက်စ မံမီ ရုပ်အလောင်းများလို
ခင်ဗျား ဝ လာတယ် ဝ လာတယ်
ဘောင်းဘီ အတို လက်ကိုင်ဖုန်းနဲ့ ဘယ်ကို လှမ်းခေါ်ရမှန်းမသိတဲ့ အတွေးအခေါ်နဲ့
ဝ လာတယ် ၊ ခု ရယ်နေတယ် ငယ်ငယ်က ငိုနေတဲ့အတိုင်း
လိုင်းနည်းနည်း ရွေ့စမ်း ဟုတ်တယ် အဲ့ဒီအသံ အဲ့ဒီဟန် အဲ့ဒီ ဆုံးဖြတ်ချက်ပဲ
ဝ လာတယ် ဘဝင်ဟာ ဝလာတယ် အရိုးတွေဟာ ဝ လာတယ်
အသားတွေ ဒုက္ခတွေဟာ ဝ လာတယ်
ဓားပြကြီးဟာ ဝ လာတယ်
ဝံကြီး ဝက်ဝံကြီး နွားကြီး ဝက်ကြီးဟာ ဝ လာတယ်
ကမ္ဘာကြီးဟာ
ကပ်ဘေးဒုက္ခများနဲ့ အလျှင်အမြန် ဝ လာတယ်။ ။

ခရမ်းပြာထက်လူ
၂၀၁၀ ခုနှစ်ထုတ် " နံရံမှာ ငါရေးထွင်း "ကဗျာစာအုပ်မှ


ရိုဒင် ငါတော့ လစ်ပြီ

ရိုဒင် ငါတော့ လစ်ပြီ

ရိုဒင်
ခင်ဗျားထွင်းထုထားတဲ့ ကိုယ်လုံးတီးတွေးခေါ်နည်းနဲ့
ထိုင်နေတယ် ၊ ထသွားရအခက်
ထိုင်နေတယ် ၊ ဘာမှဖြစ်မလာလည်း ထိုင်နေတယ်
ဖြစ်လာလည်း " ထိုင်း "နေတယ်၊ ထိုင်နေတယ် အနယ်ထိုင်သလို
ပင်လယ်ကြမ်းပြင်အောက် ပစ်ကျသွားသလို ထိုင်နေပေါ့
ဝေါ့ထရိတ်စင်တာကြီး ပြိုမကျခင် ၊ အခန်းထဲ
ဘုရားသခင်နဲ့ ၂ ယောက်ချင်း ခေါင်းချင်းဆိုင်သလို
ထိုင်နေပေါ့ လှမ်းကြည့်လိုက်တော့ ကြိုးတန်းပေါ်
လှန်းထားတဲ့ ရှုမျှော်ခင်းတွေ တွေ့တယ်
သွေးတိုးနေတာလား သွေးပျက်နေတာလား
မျက်နှာကြီး အန်းလို့ ဥယျာဉ်
ဘဲငန်းတွေက ဘယ်ဆီ ဘယ်ဝယ် ရေအိုင်မှာ ဝဲလယ်လို့
ထိုင်နေတယ် ငါဟာ ကျွန်တော်ဟာ
ခုန်ထလို့ မရတော့တဲ့ခုံတစ်ခုံပေါ် ရှုခင်းကို
ကသိုဏ်း ၁၀ ပါးထဲက လူသေကသိုဏ်းရှုသလို ရှုစားရင်း
ပစ်ချလို့မရအောင် လောင်ကျွမ်းနေတဲ့
ကောင်းကင်ကြယ် လေယာဉ်ပျံနဲ့ လေးဘက်နာကမ္ဘာကြီးကို
ခုံကလေးပေါ်ထိုင်လို့
အထိုင်ကျတန်းစီနေတဲ့ အရသာများကို
အရသာပါအောင် မြည်းစမ်းထိုင်နေပေါ့
ထော့နင်းထော့နင်းနဲ လာနေတဲ့နာရီ
ထိန်ထိန်သာနေတဲ့ ညနေခင်းကို ငြင်းမလွတ်ပဲ ဂရုမစိုက်ပဲ
ထိုင်နေပေါ့
ထောပတ် ဒိန်ခဲ နွားနို့ ရင်သားဖေါ်ဆောင်မှုလမ်းညွှန်များကို
မျက်ကွယ်ပြု ထိုင်နေပေါ့
ထိုင်လေ ခင်ဗျားလည်းသွားစရာမရှိတော့ရင်
ခဏတဖြုတ် သစ်သီးခူးလိုက်ရအောင်
ခဏတဖြုတ် မောင်းဖြုတ်လိုက်ရအောင်
ခဏတဖြုတ် စေတီတစ်ဆူရဲ့အရိပ် ဖိတ်စင်လိုက်ကြရအောင်
ချောင်နေတဲ့အင်္ကျီထဲမှာ ချောင်နေတဲ့
ချောင်တစ်ချောင်မှာ ချောင်နေတဲ့ ဘတ်စ်ကားတစ်စီးထဲမှာ
တစ်မြို့လုံး တစ်ယောက်မှမရှိတော့တဲ့ စစ်မျှော်ခင်းထဲမှာ
အငွေ့တလူလူထွက်နေတဲ့ လူသေစိုက်ခင်းများထဲ
ကျွန်တော် အိမ်မပြန်တော့ဘူး
ငါ့ရန်သူက ငါ့အိမ်ကိုမှတ်မိတယ်
ရိုဒင်
ခင်ဗျားလက်နဲ့ ကျုပ်အသက်ကို ရအောင်ထုဆစ် လစ်ပြီ။ ။

ခရမ်းပြာထက်လူ
၂၀၁၀ ခုနှစ်ထုတ် "နံရံမှာ ငါရေးထွင်း" ကဗျာစာအုပ်မှ