Saturday, December 12, 2015

လိပ်ပြာကန်

လိပ်ပြာကန်

ဒီမှာ တစ်ညနေကို ၃ ပတ်နဲ့သာ
လှုပ်လှုပ်ပြီး သောက်/လျှောက်လိုက်
မင်း ကားကို ငါကျော်တက်လို့ရပြီ။

သန့်ရှင်းသော အစိုးရနဲ့ ကောင်းမွန်သောအစိုးရထက်
ဒီကန်ကို ငါပိုယုံတယ်။
ငါတို့ခေတ်က
ဘယ်လေထုကိုကြည့်ကြည့်
ဘယ်အစာကိုငေးငေး လွတ်မြောက်ရေးဆိုတာ မရှိ။

တစ်ကိုယ်လုံးပြာကျသွားအောင်
ဦးထုပ်ကိုချွတ်
ခြေအိတ် လက်အိတ်ကိုချွတ်
အစိုးမရတဲ့ အစိုးရဆိုတာကိုချွတ်
ကိုယ်လည်ပင်း ကိုယ်ကြိုးကွင်းစွပ်ထားတဲ့
ကိုယ့်နေမှု ထိုင်မှု စားမှုတွေကို ခဏချွတ်
ရှာသမျှ သဲထဲရေသွန်မဖြစ်အောင်
ဒီနေရာရောက်ရင် ကျွိကနဲ ဘရိတ်အုပ် ဒိန်ချဉ်စုပ်သလို
ဒီကန်ကို
ခန္ဓာ ငါးပါးနဲ့ အမိအရ လှမ်းသာစုပ်လိုက်။

ပါးစပ်သာ ဟထား
သူ့အလိုလိုကျလာလာမယ့် ပေါင်မုန့်တွေ
သူဗိုက်ဝပြီး
ကိုယ်အသက်ရှည်မယ့် ညနေခင်းအောက်က ငါးတွေနဲ့ ရွှင်စရာ။

အနောက်ကိုရောက်တဲ့အခါ
အရှေ့မှာ ရွှေရောင် ရွှေမော်ဓောဘုရားကြီး
အဲ့ဒီညနေများ
အရှေ့ကိုရောက်တဲ့အခါ 
အနောက်မှာ ကန်ပေါ်ကို လိမ္မော်ခင်းကြီးလွင့်ကျလို့။

ကန်ရေပြင်မှာ ကိုယ့်အေးချမ်းမှုဟာ ကွက်ကွက်ကွင်းကွင်း
ဘေးမှာ ဘယ်လောက်ပဲမြန်မြန်မောင်းမောင်း
ကိုယ့်ကိုမမီတော့မယ့် ကားတွေ။
အဆုပ်သာဖွင့်ထား
ဝါးလုံးထိုးစီးဆင်းလာမယ့် လေပြည်လေညှင်းတွေနဲ့ ခင်ဗျားလည်း နင်သွားမယ်။

တစ်ဘဝစာ အကျဉ်းကျမှုအတွက်
တစ်ကိုယ်တော် ဆန္ဒပြဖို့ အကောင်းဆုံးနေရာ။

ကိုင်း ကြည့်စမ်း
ဒီ လေ လောက် လေးလံတဲ့ သယံဇာတ ရှိဦးမလား။

ရပ်ကွက်ထူထူ တိုက်ခန်းကျဉ်းကျဉ်း
စည်းမဲ့ ကမ်းမဲ့ လမ်းပူပူတွေပေါ်က ထွက်လာခဲ့
နိစ္စဓူဝ ပန်းဘဲဖိုထဲမြုပ်နေတဲ့
ကိုယ့်မျက်လုံးတွေ ကိုယ်ပြန်ဆွဲနှုတ်ပြီး
ညနေ ညနေ
ဒီ လိပ်ပြာကန်ထဲ လာပစ်ချလိုက်ကြပေါ့။

ခင်ဗျားတို့ရဲ့အရှုံးတွေ
လကဆွဲတင်လိုက်တဲ့ ပင်လယ်ရေမျက်နှာပြင်လို ကုန်းထလာလိမ့်မယ်။
ခင်ဗျားတို့ရဲ့ သုခလိပ်ပြာတွေ
ဖီးနစ်ငှက်တစ်ကောင်လို ပျံတက်လာလိမ့်မယ်။

တစ်ခုတော့ရှိတယ်
လိပ်ပြာကန်ဆိုတာ 
ညည ခင်ဗျားတို့ "ကာမ" မီး လာနင်းရမယ့်နေရာမဟုတ်ဘူး
မီးပုံထဲက ခုန်ထွက်ရမယ့် နေရာဆိုတာတော့ သိကြ။ ။


ခရမ်းပြာထက်လူ
၂    ၀    ၁     ၎

No comments:

Post a Comment