Saturday, December 12, 2015

ခင်ဗျား ဝ လာတယ်

ခင်ဗျား ဝလာတယ်

နည်းနည်း ဝလာတယ် ဝင်ဝင်စွက်ဖက်ရင်း
ဝက်တစ်ကောင်လို ဝေါင်းကနဲဟိန်းတတ်တဲ့ သတ္တဝါတစ်ကောင်လို
ဝါးလုံးခေါင်းထဲ သာနေတဲ့ လလို ဝလာတယ် ဝ လာတယ်
ဝ လာတော့ သုညတွေ ဘေးရှဲ ပလပ်စတစ်တွေ ပါလာတယ်
Ciassic တွေ ဘေးရှဲ ပလာစတာတွေပါလာတယ်
ဝ လာတော့ ပယ်နယ်တီစပေါ့မှာ ကျကျနနတည်တာပေါ့
ပယ်ပယ်နယ်နယ်ကန်သွင်း ဝ လာတယ် ဝင်သွားတယ်
ခြစားသွားပြီ တစ်ကောင်ပြီးတစ်ကောင် ချစားသွားပြီ
ဝဖြိုးလာတဲ့ ဝံကြီး ဝက်ဝံကြီးဟာ ဝဝမဲမဲ ဖြူဖြူတုတ်တုတ်
တစ္ဆေသူရဲ သဘက်ပြိတ္တာလို " ချီးယား " ဆိုကာ ရွှမ်းကနဲ
" OK " ဆိုကာ  ရွှမ်းကနဲ ခွမ်းကနဲ ခွမ်းကနဲ ခေါင်းတွေ တစ်ခေါင်းပြီးတစ်ခေါင်း
ကျကွဲ ၊ ဝံကြီး ဝက်ကြီးဟာ ဝက်ဝက်ကွဲကွဲ အောင်မြင်
တောထဲ တောင်ထဲမှာ ပျားရည်တန်ချိန် တစ်သောင်း နှစ်သောင်း
နယ်မြေဒေသ ရွေ့ပြောင်းရင်း ရှုစား ၊ ဝလာတယ် ဒီတော့
ခေါင်းတွေဟာ လှိုင်းခေါင်းဖြူတွေဟာ တစ်လုံးပြီးတစ်လုံး
ပြေးပြေးစောင့် ကျောက်ဆောင်မှာ ကျောက်မျက်ရတနာတွေရှိတဲ့အတိုင်း
ရိုင်းလာတယ် ၊ ဝ လာတဲ့လှိုင်းများ ကျိုင်းကောင်လို
တစ်အုပ်ပြီးတစ်အုပ် မြို့တွေပေါ် ကိုင်းကျလာတယ်
ခြေတစ်ဖက် လက်တစ်ဖက် ကျောက်ကပ်တစ်ခု ဦးနှောက်တစ်ခြမ်း
ဝါးခြမ်းပြား ထောင်ထားသလို ဒါပဲရှိတယ် ၊ ဒါကိုထုတ်ပြ
ဝ လာတယ် ခုခံလို့မရအောင် ခင်းပြလို့မရအောင်  ညများ နေ့များ
ဝ လာတယ် ဖွဲနု ထမင်းရည် ကန်စွန်းရွက်မစားပဲ ဝ လာတယ်
ဘယ်ဘဝကလည်း ဘယ်နယ်ကလည်း ဘယ်ကိုသွားမှာလည်း
ခင်ဗျားတို့ ကျွန်တော်တို့ ဝ လာတယ် ၊ ချိုင့်တွေ ပလုံးတွေ ဒန်ခွက်တွေဆွဲ
မြောင်းတွေ မြက်တွေ မျက်ရည်တွေနဲ့ ဝ လာတယ်
ခင်ဗျား ဝ လာတယ်
ခေါင်းက ဗို့အား ဘယ်လောက်အရိုးခေါင်း အန္တရာယ်ပေးသတိပေးတံဆိပ်လို
ကိုယ်က မွေးမြူရေးဝက်တစ်ကောင် ဝသလို ဝ လာတယ်
ဝတ်စရာမရှိတော့အောင် ခင်ဗျား ဝလာပေါ့
ဝေါကနဲ အန်ထုတ်စရာမရှိအောင် ရှောင်စရာ ရှိုးစရာမရှိအောင်
ခင်ဗျား ဝလာ ပေါလစ်ရှ်တင်လို့မရအောင် တောင်းပန်လို့မရအောင်
သေရင် အခေါင်းနဲ့ ကားနဲ့မဆန့်အောင် ကားပေါ်မှာ ခင်ဗျားမရှိသယောင်
ခင်ဗျား ဝ လာတယ်၊ ပုရွက်ဆိတ်လိုလို ဆင်လိုလို 
ဆောက်လက်စ အကျဉ်းထောင်လိုလို စိမ်လက်စ မံမီ ရုပ်အလောင်းများလို
ခင်ဗျား ဝ လာတယ် ဝ လာတယ်
ဘောင်းဘီ အတို လက်ကိုင်ဖုန်းနဲ့ ဘယ်ကို လှမ်းခေါ်ရမှန်းမသိတဲ့ အတွေးအခေါ်နဲ့
ဝ လာတယ် ၊ ခု ရယ်နေတယ် ငယ်ငယ်က ငိုနေတဲ့အတိုင်း
လိုင်းနည်းနည်း ရွေ့စမ်း ဟုတ်တယ် အဲ့ဒီအသံ အဲ့ဒီဟန် အဲ့ဒီ ဆုံးဖြတ်ချက်ပဲ
ဝ လာတယ် ဘဝင်ဟာ ဝလာတယ် အရိုးတွေဟာ ဝ လာတယ်
အသားတွေ ဒုက္ခတွေဟာ ဝ လာတယ်
ဓားပြကြီးဟာ ဝ လာတယ်
ဝံကြီး ဝက်ဝံကြီး နွားကြီး ဝက်ကြီးဟာ ဝ လာတယ်
ကမ္ဘာကြီးဟာ
ကပ်ဘေးဒုက္ခများနဲ့ အလျှင်အမြန် ဝ လာတယ်။ ။

ခရမ်းပြာထက်လူ
၂၀၁၀ ခုနှစ်ထုတ် " နံရံမှာ ငါရေးထွင်း "ကဗျာစာအုပ်မှ


No comments:

Post a Comment