Wednesday, October 10, 2012

ကတ္တီပါတော်လှန်ရေးမှ သံမဏိနှင်းဆီသို့





ကျွန်တော်အားမပေးလည်း ခင်ဗျားက အားရှိနေမယ့်သူပဲ။
ကျဉ်းတယ်ကျယ်တယ်ဆိုတာ စိတ်ရဲ့တည်ဆဲဥပဒေပေါ်က အမှတ်အသားတစ်ခုပဲ
အဲ့ဒီတုန်းက ခင်ဗျားအကျဉ်းထဲကျနေပေမယ့်
ခင်ဗျားဘာသာတရားက ခင်ဗျားကို ဆွဲထုတ်ထားလိမ့်မယ် ဒါကြောင့် ခင်ဗျားလွတ်မြောက်နေလိမ့်မယ်။
ခင်ဗျားအဖေက ခင်ဗျားဆီ မကြာခဏလာကာ
ခင်ဗျားကိုအားပေး သွေးသွင်းပေးနေလိမ့်မယ်ဆိုတာ ကျွန်တော်ယုံတယ်။
ပြီးတော့ စာအုပ်တွေ
အချိန်တွေက စာအုပ်တွေကိုပေးတဲ့အခါ စာအုပ်တွေက ခင်ဗျားကို မြေပုံတွေပြန်ပေးနေမှာပေါ့
ဒါကြောင့် စိတ်ရှည်လက်ရှည် ဟိုးရှေးဂရိခေတ်များအထိ ခင်ဗျားတိုးဝင်ကာ
အေသင်မြို့ပြနိုင်ငံတွေထဲထိ ခင်ဗျားလျှောက်သွားလို့ နံရံတွေကို ဖွင့်ကြည့်နေလိမ့်မယ်

အဲ့ဒီအခါ လူချမ်းသာများသာ မဲပေးခွင့်ရှိအဆိုကိုတွေ့တဲ့အခါ
စိတ်ထဲက ခင်ဗျား ထကန့်ကွက်လို့။

အမျိုးသမီးနဲ့ကျေးကျွန်များ မဲပေးခွင့်မရှိနေရာရောက်တဲ့အခါမှာတော့ ရုတ်တရက်
ခင်ဗျားဟာ ကုလားထိုင်ကဆတ်ခနဲထ ခြံထဲလမ်းဆင်းလျှောက်နေလိမ့်မယ်။

မဲဆန္ဒပေးသူနည်းသော အရွေးချယ်ခံသူကို
မြို့ပြင်ကိုထုတ်ထားတဲ့ အထူးခြားဆုံးအေသင်သားတို့ရဲ့စံနစ်ကို ရောက်တဲ့အခါ
ခင်ဗျားရယ်ရွှင်ပြုံးမိမှာကို ကျွန်တော်တွေးရင်း ကြည်နူးမိပါရဲ့။

ခင်ဗျားအကျဉ်းထဲရောက်နေတဲ့အခါ
ခင်ဗျားအကြောင်း အကျယ်ကြီးပြောနေတဲ့ကမ္ဘာကြီးကို ပန်းပွင့်ကလေးတွေနဲ့
ကျေးငှက်ကလေးတွေက ယူလာပြမှာပေါ့။

ခင်ဗျားသိမှာပါ
ကျွန်တော်တို့အားလုံးလည်း အကျယ်ထဲမှာအကျဉ်းကျနေတယ်ဆိုတာ။

ယုံကြည်ပါဗျာ
ယုံကြည်သူချင်းပွင့်နေတဲ့ပန်းတွေမို့ လောကဓံ(၈)ပါးဟာ မွှေးနေပါလိမ့်မယ်။


ယုံကြည်ပါတယ်ဗျာ
ကျွန်တော်တို့ ကဗျာတွေ ပြဇာတ်တွေ ၀တ္ထုတွေနဲ့ သိမ်မွေ့မှုကိုရွေးခဲ့ကြတယ်
ဒီတော့ ကဗျာတွေ ပြဇာတ်တွေ ၀တ္ထုတွေကလည်း ကျွန်တော်တို့ကို ပြန်ရွေးခဲ့ကြ။

ကျွန်တော်ကတိပြုခဲ့သလို
ဒါကျွန်တော့ခေါင်းရင်းခေါင်းတလားပေါ်က သူတို့ပြုစုထားတဲ့ နှင်းဆီတွေထဲကတစ်ပွင့်ပေါ့
အနီလား အပြာလား အ၀ါလား ဘာပဲဖြစ်ဖြစ်ခင်ဗျားနဲ့လိုက်ဖက်မှာ
ကမ္ဘာထဲ နှင်းဆီပန်းတွေ အမြဲလက်ဆင့်ကမ်းသွားနေဖို့ ခင်ဗျားလုပ်နိုင်မှာပါ
နှုတ်ဆက်ခဲ့ပါတယ် ကျေးဇူးလည်းတင်ပါတယ် the Lady
ကျွန်တော့နာမည် “ဗားကလပ်ဟာဗဲ”ပါ။   ။
                                                     ခရမ်းပြာထက်လူ
                                                        ၂၀၁၂


   ဒီနှစ်ထဲမှာ ချက်ပြည်ထောင်စုသမ္မတနိုင်ငံက သံအရာရှိတွေ ကျွန်တော်တို့ဆီရောက်လာတော့ သူတို့နဲ့အတူ နှင်းဆီပန်းတစ်ပွင့် ပါလာတယ်။ ကတ္တီပါတော်လှန်ရေးခေါင်းဆောင်လို့ နာမည်ကြီးခဲ့သူ ချက်သမ္မတ “ဗားကလပ်ဟာဗဲ”က သူမကွယ်လွန်ခင်ကတည်းက “ဒေါ်အောင်ဆန်းစုကြည်”ကို သူ့ရဲ့တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စား အနစ်နာခံမှုတွေအတွက် တစ်ချိန်မှာ နှင်းဆီပန်းတစ်ပွင့်ကို ဂုဏ်ပြုလက်ဆောင်ပေးမယ်လို့ ကတိပြုရည်ရွယ်ထားခဲ့ဘူးတယ်။ အဲ့ဒါလေးကျွန်တော့ရင်ထဲရောက်ခဲ့တယ်ပေါ့။ ဒါပေမယ့် သူ့လက်နဲ့ သူကိုယ်တိုင်မပေးလိုက်ရခင် ကဗျာဆရာသမ္မတဟာ အနိစ္စရောက်သွားရှာတယ်။ ဒါနဲ့ သံအဖွဲ့ဟာ သူတို့ခေါင်းဆောင်ကြီးရဲ့ ခေါင်းရင်းကအလောင်းစင်မှာစိုက်ထားတဲ့ နှင်းဆီပန်းပွင့်တွေထဲကတစ်ပွင့်ကို ခူးဆွတ်ပြီး ခေါင်းဆောင်ကြီးရဲ့ဆန္ဒအတိုင်း မြန်မာပြည်ကိုရောက်ခိုက်မှာ ကျွန်တော်တို့ရဲ့ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့ပါတယ်။ ဒါကို ကျွန်တော်တို့ရဲ့ ဂျာနယ်
မဂ္ဂဇင်းတွေမှာ အထူးဖော်ပြခဲ့ပါတယ်။ တကမ္ဘာလုံးက ဒေါ်အောင်ဆန်းစုကြည်ကိုချီးမြှင့်ခဲ့တဲ့ ကြီးကျယ်လှတဲ့ဆုတွေနဲ့အတူ ဒီနှင်းဆီတစ်ပွင့်ရဲ့ဂုဏ်ပြုဆုဟာလည်း အလားတူကြီးကျယ်မှုတွေနဲ့ တစ်ထပ်တည်းရှိနေခဲ့ပါတယ်လို့ သံသယမရှိပဲ ကျွန်တော်စိတ်လှုပ်ရှားမိခဲ့တယ်လေ။ ဒါကြောင့်ပဲ ဒီကဗျာကို ချရေးမိလိုက်ရတယ်ပေါ့…….
                                                   ခရမ်းပြာထက်လူ
                                                     ၀၅.၁၀.၂၀၁၂

No comments:

Post a Comment